အသေးစားဓာတ်အားပေးစနစ်များလုပ်ငန်းသဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပ

အသေးစားဓာတ်အားပေးစနစ်များလုပ်ငန်းသဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပ
     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်) ဖြင့် CFP-3 batch(2) အသေးစားဓာတ်အားပေးစနစ်များတည်ဆောက်ခြင်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများ နှင့်လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများ၊ ဆောင်ရွက်မည့်ကျေးရွာမှ မီးလင်းရေးကော်မတီဝင်များ လုပ်ငန်းသဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း နှင့်သက်ဆိုင်ရာတာဝန်ရှိသူများ ၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
ဆောင်ရွက်မည့်လုပ်ငန်းများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနှင့် ရေတာကျေးရွာတွင် ဆိုလာအသေးစားဓာတ်အားပေးစနစ် ( 158 kW) ၊ ဟင်္သါတမြို့နယ် ပဲကြီးကျွန်းကျေးရွာတွင် (132kW) နှင့် တနင်္သါရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အောင်မြန်မာကျေးရွာနှင့် ကံပုံမာတန်းကျေးရွာတွင် (171.6kW) တို့ကို Mega Global Green Automation Co.,Ltd မှလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကိုင်းသောင်းကျေးရွာတွင် ဆိုလာအသေးစားဓာတ်အားပေးစနစ် (134kW) ကို Kyocera Communication Systems Kinetic Myanmar Co.,Ltd မှလည်းကောင်း အသီးသီးတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ခြေပေါင်း ၁၆၀၀ ကျော် လျှပ်စစ်ဓာတ်အား ၂၄နာရီသုံးစွဲနိုင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများပါဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။
အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၆၀)ရာခိုင်နှုန်း၊ ကျေးလက်နေပြည်သူတို့မှ (၂၀) ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီမှ (၂၀) ရာခိုင်နှုန်းဖြင့်အသီးသီးထည့်ဝင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။