Mini-Grid System

Mini-Grid System

အသေးစားဓာတ်အားပေးစနစ်

အသေးစားဓာတ်အားပေးစနစ်များကို ကျေးရွာအိမ်ခြေများ တစ်စုတစ်စည်းတည်းရှိသော ဒေသများတွင် မီးလင်းရုံသက်သက်မဟုတ်ပဲ အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးလာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မဟာဓာတ်အားလိုင်းရရှိသောဒေသများကဲ့သို့ လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ အသုံးပြုနိူင်မည်ဖြစ်ပါသည်၊၊ အသေးစားဓာတ်အားပေးစနစ်များကို (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင် CFP (Call For Proposal) စီမံကိန်းအဆိုပြုလွှာ ခေါ်ယူသည့်စနစ် ဖြင့် တင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပြုလွှာတင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် ဆောင်ရွက်လိုသည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုပြီး ဆောင်ရွက်မည့်စနစ်၊ မီတာခကျသင့်ငွေ၊ သုံးစွဲမည့်စနစ်အလိုက် ထည့်ဝင်ရမည့် ပြည်သူထည့်ဝင်ငွေပမာဏ၊ တာဝန်ယူဆောင်ရွက်မည့် နှစ်ကာလ စသည်တို့ကိုညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်မည့်စနစ်၊ အသုံးပြုမည့် ပစ္စည်းများ၊ လုပ်ငန်းကုန်ကျစရိတ်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ)သို့ အဆိုပြုလွှာတင်သွင်း ဆောင်ရွက် ရမည်ဖြစ်ပါသည်။ စီမံကိန်း(ရုံးချုပ်)အနေဖြင့် တင်ပြလာသောအဆိုပြုလွှာများကို ကမ္ဘာ့ဘဏ်မှ အသိအမှတ်ပြုခန့်အပ်ထားသောကျွမ်းကျင်ပညာရှင်များ၊ ဂျာမနီဖွွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)မှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ အဆင့်ဆင့်စိစစ် ရွေးချယ်ခြင်းဖြစ်ပါသည်။ အဆိုပြုလွှာအောင်မြင်ပါက သက်ဆိုင်ရာကျေးရွာအလိုက် ကျေးရွာ မီးလင်းရေးကော်မတီများ၊ မြို့နယ်ကျေးလက်ဦးစီးမှူးများ၊ ဆောင်ရွက်မည့်ကုမ္ပဏီများမှ တာဝန်ရှိသူများသည် စီမံကိန်းရှိ တာဝန်ရှိသူများရှေ့မှောက်တွင် သုံးဦးသုံးဖလှယ် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးမှသာ ကုမ္ပဏီအနေဖြင့် လုပ်ငန်းစတင် ဆောင်ရွက်ကြရခြင်းဖြစ်သည်။ လုပ်ငန်းဆောင်ရွက်ပြီးပါက သက်ဆိုင်ရာတာဝန်ရှိသူများမှ IV (Inspection and Verification) အရည်အသွေးစိစစ်အကဲဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်ကြပါသည်။ ဆောင်ရွက်မည့် ကျေးရွာအလိုက် သတ်မှတ်ထားသော စံချိန်စံညွှန်း၊ ဘေးကင်း လုံခြုံမှုဆိုင်ရာ သတ်မှတ်ချက်များ၊ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှသာ ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ အသေးစား ဓာတ်အားပေးစနစ်များ အနေဖြင့် မဟာဓာတ်အားလိုင်းမှ သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ကြရခြင်းဖြစ်ပြီး သက်ဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်ပညာရှင် (EI) ၏ ထောက်ခံချက်လည်း လိုအပ်မည်ဖြစ်ပါသည်။

အသေးစားဓာတ်အားပေးစနစ်များတွင် လမ်းမီးတိုင်များ၏ လျှပ်စစ်သုံးစွဲမှုကျသင့်ငွေအတွက် ကျေးရွာအနေဖြင့် ပေးချေရမည်မဟုတ်ဘဲ မိမိအသုံးပြုသောလျှပ်စစ်ပမာဏသာ ပေးချေရမည် ဖြစ်ပါသည်။ ဆောင်ရွက်သည့် ကုမ္ပဏီပေါ်မူတည်၍ အများပြည်သူသုံးစနစ်များဖြစ်သော စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက်အဦများအတွက် သတ်မှတ်ယူနစ်အလိုက် အခမဲ့သုံးစွဲနိုင်မည်ဖြစ်ပြီး သတ်မှတ်ယူနစ်ကျော်လွန်မှသာ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်နေသည့် ကာလအတွင်း စနစ်ပုံမှန် လည်ပတ်ပြီး ရေရှည်တည်တံ့စေရန် ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရမည် ဖြစ်ပြီး လုပ်ငန်းကာလကျော်လွန်ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ) နှင့် သက်ဆိုင်ရာကျေးလက် မီးလင်းရေးကော်မတီသို့ လွှဲပြောင်းအပ်နှံရမည်ဖြစ်ပါသည်။

အသေးစားဓာတ်အားပေးစနစ်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနမှ (၆၀%)၊ ဆောင်ရွက်မည့်ကျေးရွာမှ (၂၀%)၊ဆောင်ရွက်မည့်ကုမ္ပဏီမှ (၂၀%)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။