Solar Home System

Solar Home System

တစ်အိမ်သုံးဆိုလာစနစ်

  တစ်အိမ်သုံးဆိုလာစနစ်ဆိုတာ အိမ်ခြေနည်းပါးပြီး တစ်အိမ်နှင့်တစ်အိမ် ဝေးကွာတဲ့ဒေသတွေမှာ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ တစ်အိမ်သုံးဆိုလာစနစ်တွေကို ICB (Internal Competitive Bidding)အရ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တင်ဒါခေါ်ဆောင်ရွက်ခြင်းဖြစ်ပြီး သတ်မှတ်ထားသောအရည်အသွေး၊ အာမခံချက်နှင့်ပြည့်စုံသော ပစ္စည်းများဖြင့်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ တစ်အိမ်သုံးဆိုလာစနစ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး 30W ၊ 45W နှင့် 60W စနစ်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းဒုတိယနှစ် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ် မှစတင်၍ 60W နှင့် 100W နှစ်မျိုးသာ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဆောင်ရွက်မည့်ကျေးရွာ၏ ၃၀ရာခိုင်နှုန်းနှင့်အထက် တစ်အိမ်သုံးဆိုလာစနစ်ရယူပါက အများပြည်သူသုံးစနစ်များဖြစ်သော လမ်းမီးတိုင်(အိမ်ခြေပေါ်မူတည်၍)၊ စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် ဘာသာရေးအဆောက်အဦ များကို သတ်မှတ်စနစ်များ အခမဲ့တပ်ဆင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ဆောင်ရွက်သည့်စနစ်များကို အိမ်တိုင်ရာရောက် တပ်ဆင်ပေးခြင်းဖြစ်ပြီး စနစ်များကို သေချာစွာစနစ်တကျ တပ်ဆင်ခြင်းရှိ/မရှိ MIS(Management Information System) ဖြင့်စောင့်ကြည့်အတည်ပြုခြင်း ဆောင်ရွက်ပါသည်။

   ပစ္စည်းအရည်အသွေးများ သတ်မှတ်စံချိန်စံညွှန်းများနှင့်ပြည့်မီခြင်းရှိ/မရှိ နမူနာပစ္စည်းများကို စီမံကိန်း(ရုံးချုပ်)တွင် ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးခြင်း၊ ဆောင်ရွက်သည့် Lot အလိုက် တိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် ရှေ့ပြေးတပ်ဆင်မှု (Pilot Installation) တွင်တပ်ဆင်ထားသော စနစ်များကို စစ်ဆေးခြင်းအပြင်တပ်ဆင်မှုပြီးစီးချိန်တွင်လည်း IVA Third Party (Inspection and Verification Agent ) များဖြင့် သတ်မှတ်အရည်အသွေးကိုက်ညီမှု ရှိ/မရှိ ထ‌ပ်မံစစ်ဆေးခြင်း ဆောင်ရွက်ပါသည်။

  ဆောင်ရွက်သောစနစ်များ၏ အာမခံကာလအနေဖြင့် စနစ်တစ်ခုလုံးအတွက် (၁)နှစ်ကာလ ဖြစ်ပြီး သုံးစွဲသူအမှားကြောင့် မဟုတ်ပဲ ချို့ယွင်းပျက်စီးပါက ပစ္စည်းဖိုး၊ ပြုပြင်စရိတ်ပေးစရာမလိုပဲ ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ပါသည်။ အဆိုပါ အာမခံကာလ တစ်နှစ်ကျော်လွန်ပါက စနစ်၏ သက်ဆိုင်ရာပစ္စည်းအလိုက် (Component Warranty ) ရရှိမည်ဖြစ်ပြီး ပစ္စည်းဖိုးပေးစရာမလိုပဲ ပြုပြင်တပ်ဆင်ခသာ ကျသင့်မည်ဖြစ်ပါသည်။ ပစ္စည်းများ ချို့ယွင်းပျက်စီးပါက သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သက်ဆိုင်ရာကုမ္ပဏီ၊ သက်ဆိုင်ရာမြို့နယ်များရှိ ဆိုလာပြုပြင်ရေးစင်တာများ သို့အကြောင်းကြားပြီး ပြုပြင်နိုင်မည် ဖြစ်ပါသည်၊၊

  ဆိုလာစနစ်များတပ်ဆင်အသုံးပြုခြင်းများတွင် အသုံးပြုသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များ၊ လူမှုဘဝပါတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာလိုက်နာပြီး ရေရှည်တည်တံ့‌စေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။