Nep Background

Nep Background

စီမံကိန်းနောက်ခံအကြောင်းသမိုင်းအကျဉ်း

၁။    မြန်မာနိုင်ငံသည် လူဦးရေ (၅၁) သန်းကျော်ရှိပြီး လူဦးရေ၏ (၇၀%)ခန့်သည်ကျေးလက် ဒေသများတွင် နေထိုင်လျက်ရှိကြပြီး ကျေးရွာပေါင်း (၆၃၈၉၉) ရွာရှိသည့် အနက် ၃၀% ခန့်သာ လျှပ်စစ်မီးရရှိသည့် အနေအထားဖြစ်သည့်အတွက် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ် ဓါတ်အားရရှိရန် နိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (National Electrification Project) ကို (၂၀၁၅) ခုနှစ်တွင် စတင်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ NEP စီမံကိန်းတွင် မြေမျက်နှာသွင်ပြင် အနေ အထားအရ ကုန်ကျစရိတ်အသက်သာဆုံး မီးလင်းရေး အစီအစဉ် (Geospatial Least Cost Electrification Rollout Plan) ရေးဆွဲခဲ့ပြီး မဟာဓာတ်အားလိုင်း တိုးချဲ့သွယ်တန်းခြင်း (Grid-extension) လုပ်ငန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက် မည်ဖြစ်ပြီး မဟာဓာတ်အားလိုင်းပြင်ပ (Off-grid) မီးလင်းရေး လုပ်ငန်း များကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည် ဖြစ်ပါသည်။ ၂၀၃၀ ပြည့် နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရန်  အောက်ဖော်ပြပါ ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်-

ရည်ရွယ်ချက်

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပစနစ်)ကို 

  • ကျေးလက်ဒေသတွင် လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရေး၊
  • မဟာဓာတ်အားလိုင်းနှင့်ဝေးကွာသည့် ကျေးရွာများတွင် အကြိုလျှပ်စစ်ဓာတ်အား ပေးရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
  • ပြည်သူ့ထည့်ဝင်ငွေဖြင့် ပိုမိုကောင်းမွန်သည့် မီးလင်းရေးစနစ် အကောင်အထည် ဖော်ဆောင်ရွက်ရန်၊
  • ပြည်သူ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့်စနစ် (Public-Private Partnership) ဖွံ့ဖြိုးလာစေရေးဆောင်ရွက်ရန်၊ ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

၂။    စီမံကိန်း၏ ပထမ (၅) နှစ် (၂၀၁၆−၂၀၂၁)အတွက် ကမ္ဘာ့ဘဏ် IDA ချေးငွေ အမေရိကန် ဒေါ်လာသန်း(၄၀၀)အနက်မှ ဒေါ်လာသန်း ၃၁၀ ကို  (မဟာဓာတ်အားလိုင်းတိုးချဲ့ သွယ်တန်းခြင်း အတွက် သန်း ၃၀၀၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့အတွက် ၁၀ သန်း) အသုံးပြု ဆောင်ရွက်လျက်ရှိပြီး မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ ကို ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၀ (မဟာဓာတ်အားလိုင်းပြင်ပ မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် သန်း ၈၀၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့  အတွက် ၁၀ သန်း) ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

၃။    မဟာဓာတ်အားလိုင်းပြင်ပစနစ်ကို အိမ်သုံးဆိုလာစနစ်၊ အသေးစားဓာတ်အားစနစ် ဟူသည့် နည်းလမ်း (၂) သွယ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

၄။     ပထမ (၅) နှစ် စီမံကိန်းမှ ပထမနှစ် စီမံကိန်း ကို (၂၀၁၆-၂၀၁၇) ခု ဘဏ္ဍာရေးနှစ်တွင် စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းကို မြေမျက်နှာသွင်ပြင် အနေအထားအရ ကုန်ကျ စရိတ်အသက်သာဆုံး မီးလင်းရေး အစီအစဉ် (Geospatial Least Cost Electrification Rollout Plan) ရေးဆွဲ၍ Phase (၅) ခုခွဲထားပြီး နောင်(၁၀)နှစ် မှ (၁၅)နှစ်အထိ လျှပ်စစ်မီးမရရှိ နိုင်သည့်ဒေသများဖြစ်သည့် Phase (၄) နှင့် (၅)တွင် အကြိုမီးလင်းရေးအစီအစဉ် (Pre-electrification) အရ မဟာဓာတ်အားလိုင်းပြင်ပစနစ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။



နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ကို ကမ္ဘာ့ဘဏ်အပြင် အခြားသော ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ အောက်ပါအတိုင်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်−
 
(က) အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၂)သန်းဖြင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ(၁၂)တွင် ဆိုလာ အသေးစားဓာတ်အားပေးစနစ် (မဟာဓာတ်အားလိုင်း ရောက်ရှိချိန်တွင် အဆင် သင့် ချိတ်ဆက်အသုံးပြုနိုင်သည့်စနစ်)ကို ၂၀၁၇ တွင် ဆောင်ရွက်ပြီးစီးခဲ့ခြင်း၊
 
(ခ) ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JICS)၏ ထောက်ပံ့ငွေ ဂျပန်ယန်း (၉၉၄) သန်းဖြင့် ရှမ်းပြည်နယ် အတွင်းရှိ ကျေးရွာ(၁၉) ရွာ၊ ချင်းပြည်နယ် အတွင်း ရှိ ကျေးရွာ(၁၃) ရွာ စုစုပေါင်း ကျေးရွာ (၃၂) ရွာတွင် ရေအားနှင့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်ကို ၂၀၁၇ တွင် ဆောင်ရွက်ပြီးစီးခဲ့ခြင်း၊
 
(ဂ) နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ICDF) ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၀.၃၅) သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာ (၅) ရွာတွင် ဆိုလာအသေးစားဓာတ်အားပေးစနစ်ကို ၂၀၁၈တွင် ဆောင်ရွက်ပြီးစီးခဲ့ခြင်း၊
 
(ဃ) ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (Kfw)၏ ထောက်ပံငွေ ယူရို (၉) သန်းဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိကျေးရွာအိမ်ခြေ ၂၃၀၀၀ ခန့်ကို( ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ် မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ) (၂) နှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားရန် လျာထားခဲ့ခြင်း၊
 
(င) အီတလီအစိုးရအဖွဲ့ချေးငွေ( Italy Soft Loan)၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၃၀)ဖြင့် ချင်းပြည်နယ်နှင့် ချင်းပြည်နယ် အနီးတဝိုက်ကျေးရွာ များတွင် တစ်အိမ်သုံးဆိုလာစနစ်နှင့် အသေးစားဓာတ်အားပေးစနစ် ကို ဆောင်ရွက်သွား ရန်လျာထားခြင်း၊

 
(စ) ဂျာမနီအခြေစိုက် GIZ အဖွဲ့၏ ထောက်ပံ့ငွေ ယူရို(၂) သန်းဖြင့်(၂၀၁၆ မှ ၂၀၁၈ ဇူလိုင်လအထိ) ကျေးလက်မီးလင်းရေး အဆင့်မြှင့်တင်ရေး စီမံကိန်း (နည်းပညာ အကူအညီပေးခြင်း) သည် အသေးစား ဓာတ်အားစနစ်ဆိုင်ရာ နည်းဥပဒေ နှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ အသေးစား ဓာတ်အားပေးစနစ် ဆောင်ရွက် မည့် စီမံကိန်း လုပ်ငန်းအဆိုပြုလွှာများ စိစစ် အကဲဖြတ်ရာတွင် ကူညီပေးခြင်း၊ စီမံကိန်း ဝန်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများ ပံ့ပိုးပေးခြင်း၊ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) အတွက် Organogram ကူညီရေးဆွဲပေး ခြင်း၊ ထို့အပြင် ယူရို(၂.၈၇)သန်း( ဂျာမနီ (၂)သန်း + နယူးဇီလန် အစိုးရ (၀.၈၇)သန်း) ကို ထပ်မံထောက်ပံ့၍ ၂၀၂၁ ပြည့်နှစ် အထိ နည်းပညာ အကူအညီ ပေးမှုများ ဆက်လက် အကူအညီပေးသွားရန် သဘောတူစာချုပ်လက်မှတ်ရေးထိုး ခဲ့ပြီး စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း။